မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်


မအူပင်တက္ကသိုလ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို (၂၁-၈-၂၀၁၉)ရက်နေ့တွင်ကျင်းပခဲ့ရာ ပါမောက္ခချုပ်ဆရာကြီးဒေါက်တာအောင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဖွင့်အမှာစကားတွင် သစ်ပင်ဘာကြောင့် စိုက်ဖို့လိုသည်ကို သိဖို့လိုကြောင်း၊ သစ်တောတွေ မရှိတော့ခြင်းဟာ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဆိုတာ အငြင်းပွားဖွယ်ရာမရှိကြောင်း၊ ဒီနေ့သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားမှာ ဒီလို ပြောင်းလဲ လာနေတဲ့ သဘာဝပတ်ဝန်းကျင်နှင့် ပြောင်းလဲစေတဲ့အကြောင်းရင်းတွေကို သတိပြုမိစေလိုကြောင်း၊ တစ်ဆက်တည်းမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ အပြုအမှုတွေကိုရှောင်ရှားနိုင်ဖို့နှင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိမ်းသိမ်းဖို့လိုအပ်တယ်ဆို့တဲ့ အသိပညာကိုလည်း ရရှိသွားဖို့ လိုအပ်ကြောင်း၊
သစ်ပင်စိုက်ပျိုးတဲ့ နေရာမှာသတိထားသင့်တဲ့ အချက်(၂)ချက်ရှိကြောင်း၊ ပထမအချက်က- သစ်ပင်စိုက်ရတာက လွယ်ကူကြောင်း၊ လူအတော်များများကလည်း သစ်ပင်စိုက်ပြီးတာနှင့် မိမိတာဝန် ကြေပြီဟုယူဆနေကြောင်း၊ ပိုပြီးအရေးကြီးတာက စိုက်ထားတဲ့အပင်ကို ရှင်သန်ကြီးထွားအောင် ဆက်လက် ထိမ်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း၊ ဒုတိယအချက်က-သစ်ပင်ကို စနစ်တကျ စိုက်တတ်ဖို့နှင့် သင့်တော်သော အပင်ကိုသေချာစဉ်းစားပြီးမှ စိုက်ကြဖို့လိုအပ်ကြောင်း၊ သေချာစဉ်းစားပြီးစိုက်ဖို့ လိုအပ်တယ်ဆိုရာမှာ တက္ကသိုလ်ဖြစ်တဲ့အတွက် သစ်ပင်စိုက်ရာတွင် တောအုပ်လို အပင်ပေါင်းစုံ ဟိုတစ်ပင် ဒီတစ်ပင်ရောပြီး စိုက်လို့မရကြောင်း၊ သစ်ပင်ဟာ စိုက်ပြီးရင် အလွယ်တစ်ကူ ခုတ်ပစ်လို့မရကြောင်း၊ ထို့ကြောင့် မစိုက်ခင်က ပုံစံချသေချာစဉ်းစားပြီးမှစိုက်သင့်ကြောင်း၊ ညီညီညာညာနဲ့ အကွာအဝေးတူစွာ၊ အပင်အမျိုးအစားတူတာကို အတန်းလိုက်စိုက်မှသာ တက္ကသိုလ်၏ လှပတင့်တယ်မှူကို အထောက်အကူ ပြုပြီး ရေရှည် တည်တံ့နိုင်မည်ဖြစ်ကြောင်း၊
ယခုအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများနဲ့ ရုံးဝန်ထမ်းများသာမက၊ ဆရာများအသင်း၊ ကျောင်းသားများသမဂ္ဂနှင့် ကြက်ခြေနီအဖွဲ့တို့မှ အသင်းဝင်များ အဖွဲ့ဝင်များ၊ ကင်းထောက်လူငယ်များ၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ အားလုံးစုံညီစွာ ပါဝင်ပြီး မိသားစု စိတ်ဓာတ်ဖြင့် ဝိုင်းဝန်း လုပ်ဆောင်ကြသည့်အတွက် အလွန်ကျက်သရေရှိပြီး ဂုဏ်ယူစရာ ကောင်းပါကြောင်း၊ နောင်တွင်လည်း အခုကဲ့သို့ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ တက်ညီလက်ညီ အတူတစ်ကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပြီးနိဂုံးချုပ်ခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ပါမောက္ခချုပ်ဆရာကြီးဒေါက်တာအောင်ကျော် နှင့် ဒု-ပါမောက္ခချုပ်များမှ ဌာနအသီးသီးအား စိုက်ပျိုးမည့် သစ်ပင်များပေးအပ်ပြီး သစ်ပင်များကို ဇုန်အလိုက် စိုက်ပျိုးကာ မအူပင်တက္ကသိုလ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။