မအူပင်တက္ကသိုလ်စာကြည့်တိုက်အကြောင်း

မအူပင်တက္ကသိုလ်စာကြည့်တိုက်ကို မအူပင်တက္ကသိုလ်စတင်ဖွင့်လှစ်သော ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်က စာကြည့်တိုက်သည် မအူပင်တက္ကသိုလ်ပင်မဆောင်၏ ပထမထပ်တွင် တည်ရှိပါသည်။ မအူပင်တက္ကသိုလ်၊ ရူပဗေဒဌာန၊ ကထိကဆရာမ ဒေါ်ခင်ဘုန်းမြင့်မှလှူဒါန်းသော စာအုပ်ပေါင်း ၃၈၄ အုပ်ဖြင့် စတင် ဖွင့်လှစ်ခဲ့သည်။

စတင်ဖွင့်လှစ်စဉ်က စာကြည့်တိုက်ဝန်ထမ်း သီးသန့်မရှိသေးပါ။ မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး) ဆရာကြီး ဦးအောင်ဇော်(ဒေါက်တာအောင်ဇော်)၏ ဦးဆောင်မှုအောက်တွင် စာကြည့်တိုက်ကိုစိတ်ဝင်စား သော ဝန်ထမ်းငယ်(၃)ဦး ဖြင့် စတင်ခဲ့ပါသည်။၂၀၀၅ ခုနှစ်တွင် စာကြည့်တိုက်လက်ထောက်(၂) ဝန်ထမ်း တစ်ဦး ရောက်ရှိလာပြီး စုစုပေါင်း ဝန်ထမ်း(၄)ဦးဖြင့် စာကြည့်တိုက်ဝန်ဆောင်မှုများ ပေးခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် စာကြည့်တိုက်ကို တက္ကသိုလ်လမ်းမကြီး၏ ဘယ်ဘက်ခြမ်းရှိ သီးခြား အဆောက်အဦးသစ်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ စာကြည့်တိုက်မှာ နှစ်ထပ်ဆောင်ဖြစ်ပြီး ၈၀၅၂ စတုရန်းပေ    (၁၂၂ ပေ x ၆၆ ပေ) အကျယ်အဝန်းရှိပါသည်။ ၎င်းစာကြည့်တိုက်ကို ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာဌေးလင်းမောင် က ဖွင့်လှစ်ပေးခဲ့ပါသည်။

မြေညီထပ်တွင် စာငှားကောင်တာ၊ စာဖတ်ခန်း၊ စာဆွေးနွေးခန်း၊ ကွန်ပျူတာခန်း၊ မြန်မာစာအုပ် ထားသိုခန်းနှင့် အင်္ဂလိပ်စာအုပ်ထားသိုခန်းတို့ ရှိပါသည်။ ပထမထပ်တွင် စာကြည့်တိုက်မှူးရုံးခန်း၊ ရည်ညွှန်း ကောင်တာ၊ ရည်ညွှန်းစာအုပ်များထားသိုခန်း၊ မဟာဝိဇ္ဇာနှင့်မဟာသိပ္ပံ ကျမ်းစာအုပ်များထားသိုခန်း နှင့် သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များထားသိုခန်းတို့ ရှိပါသည်။

စာကြည့်တိုက်၏ရည်ရွယ်ချက်

မအူပင်တက္ကသိုလ်ရှိ သင်ကြားရေးဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ သင်ကြားရေးနှင့် သုတေသနပြုလုပ်ရာတွင် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးရန် ဖြစ်ပါသည်။

မျော်မှန်းချက်

ပညာရေးအဆင့်မြင့်မားလာစေရန် စာကြည့်တိုက်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပိုမို မြင့်မားလာပြီး ကောင်းမွန်ထိရောက်သော စာကြည့်တိုက်ဝန်ဆောင်မှုများပေးနိုင်ရန်၊ ခေတ်မီစာကြည့်တိုက် ဖြစ်လာစေရန် ဖြစ်ပါသည်။

စာကြည့်တိုက်ဖွင့်ချိန်

တနင်္လာနေ့ မှ သောကြာနေ့ထိ နံနက် (၉း၃၀)နာရီ မှ ညနေ (၄း၃၀) နာရီထိ ဖွင့်လှစ်ပါသည်။