Skip to content
Rector’s Message

မအူပင်တက္ကသိုလ်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့မှ နှစ်မိုင်လေးဖာလုံအကွာ မအူပင်-ကျိုက်လက်ကားလမ်းပေါ်တွင် တည်ရှိပါသည်။ မအူပင်တက္ကသိုလ်ကို ၂၀၀၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ မအူပင်တက္ကသိုလ်တွင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်(၉)ခု နှင့် အခြားဒေသများမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ပညာသင်ကြားလျက်ရှိပါသည်။ တက္ကသိုလ်စတင်ဖွင့်လှစ်သည့် အချိန်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒ စသော ဘာသာရပ်ပေါင်း(၁၂)ခုကို သင်ကြားခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စီးပွားရေးပညာ၊ ဥပဒေပညာနှင့် ပတ်ဝန်းကျင်သိပ္ပံပညာ ဘာသာရပ်များကို တိုးချဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၂၅)ဦး နှင့် အဝေးသင် သင်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၈၁၂)ဦး ပညာသင်ကြားလျက်ရှိပါသည်။ မအူပင်တက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့/ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့/ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့/မဟာသိပ္ပံဘွဲ့၊ မဟာသုတေသနဘွဲ့များကို ပေးအပ်ချီးမြှင့်နေပါသည်။ ၂၀၀၄-၂၀၀၅ ပညာသင်နှစ်မှစတင်၍ ဘွဲ့များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ယနေ့အချိန်ထိ ရိုးရိုးဘွဲ့(၈၁၁၆)ဦး၊ ဂုဏ်ထူးတန်းဘွဲ့ (၇၈၂)ဦး၊ မဟာဘွဲ့(၆၁၃)ဦး၊ မဟာသုတေသနဘွဲ့(၆၆)ဦး နှင့် အဝေးသင် ဘွဲ့ရဦးရေ (၁၃၅၉၈)ဦး တို့ကို ဘွဲ့များပေးအပ် ချီးမြှင့်နိုင်ခဲ့ပါသည်။
မအူပင်တက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာသန်စွမ်း၍ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော လူတော်လူကောင်း၊ ဘွဲ့ရပညာတတ်များအဖြစ် လူမှုပတ်ဝန်းကျင်တွင် ဦးဆောင်နိုင်ရန်၊ ပညာရပ်နယ်ပယ်အလိုက် ခေတ်နှင့်အညီ လေ့လာသင်ယူပြီး နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသနလုပ်ငန်းများကို ဆန်းသစ်တီထွင် ဆောင်ရွက်တတ်ရန်၊ ပြည်ပတက္ကသိုလ်များ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် နောင်လာမည့် အနာဂါတ်တွင် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ပြုစုပျိုးထောင်လျက် ရှိပါသည်။
Scroll Up